Digital Electronic (Registers and Flip Flop) အကြောင်း(အပိုင်း ၂)
၁။ အပိုင်း (၁) မှာ တုန်းက Shift Left Register အကြောင်းရေးခဲ့ပါတယ်။ အခု အောက်မှာ ဖော်ပြထားတဲ့ ပထမပုံကတော့ Shift Right Register ပဲဖြစ်ပါတယ်။ Shift Right Register လုပ်ဆောင်ပုံကတော့ Shift Left Register နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ Clock Signal တစ်ခု ပေးလို့ Data တွေ တဆင့်ပြီးတဆင့် ပြောင်းလဲ သွားပုံကတော့ အတူတူပဲဖြစ်ပါတယ်။
၂။နောက်တစ်ချက်အနေနဲ့ Data တွေ တစ်နေရာကနေ နောက်တစ်နေရာကို သွားတဲ့ အခါမှာ ဘယ်လိုပုံစံနဲ့သွားသလဲ ဆိုတာပါ။ အပိုင်း (၁) မှာတုန်းက Data In ကနေ Data Out ဆီကို Data တွေ သွားတဲ့အခါမှာ Serial နည်းအရ သွားခြင်းဖြစ်ပါတယ်။ Serial နည်းအရဆိုတာ လမ်းကြောင်းတစ်ခုတည်းကနေ Data တွေကို တစ်ခုပြီးတစ်ခု သွားခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး Input အနေနဲ့ ၀င်ရောက် သွားတဲ့ Data ဟာ Output ဘက်မှာလည်း ပထမဦးဆုံး အနေနဲ့ ထွက်ရှိသွားပါတယ်။(First In , First Out)ပါ။
၃။အဆိုပါ Data တွေ တစ်နေရာကနေ နောက်တစ်နေရာကို သွားတဲ့ နေရာမှာ Serial Data အနေနဲ့ သွားမလား ။ Parallel Data အနေနဲ့ သွားမလား ဆိုတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေမှာ Input ကို Serial Data အနေနဲ့ အသုံးပြုပြီးတော့ Output ကို Parallel Data အနေနဲ့ အသုံးပြုတဲ့ နေရာတွေလည်း ရှိပါတယ်။ အမျိုးအစားတွေ အနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Serial In , Serial Out Shift Register
(၂) Parallel In , Serial Out Shift Register
(၃) Serial In , Parallel Out Shift Register
(၄) Parallel In , Parallel Out Shift Register
(၅) Parallel In , Parallel Out Bi-Directional Shift Register
အဆိုပါ Serial and Parallel အနေနဲ့ သွားတဲ့ Shift Register တွေ အကြောင်းကို အလျဉ်းသင့်ရင် ခေါင်းစဉ်တစ်ခု အနေနဲ့ ရေးပါအုံးမယ်။
၎။ အဆိုပါ ပထမ ပုံကတော့ D – Type Flip Flop အမျိုးအစားနဲ့ Shift ပြုလုပ်ပေးတဲ့ Register ပါ။ နောက်ထပ် Flip Flop အမျိုးအစား တစ်မျိုးကတော့ J-K Flip Flop အမျိုးအစားပဲဖြစ်ပါတယ်။ ဒုတိယ ပုံမှာ အဆင့် ၄ ဆင့် ရှိတဲ့ J-K Flip Flop အမျိုးအစားကို ဖော်ပြထားပါတယ်။ အဆိုပါ ပုံမှာ ပြထားတဲ့ Flip Flop အမျိုးအစားကလည်း Shift Left Register အနေနဲ့ အလုပ်လုပ်ဆောင်တဲ့ J-K Flip Flop ပဲဖြစ်ပါတယ်။
၅။J-K Flip Flop မှာ Data Input အနေနဲ့ J နှင့် K Pin တွေကနေ ပေးသွင်းခြင်းဖြစ်ပါတယ်။ ဒုတိယ ပုံမှာ J ကနေ ပေးသွင်းတဲ့ X ဆိုတဲ့ Data Input အမည်နဲ့ K ကနေ ပေးသွင်းမယ့် Ẍ ဆိုတဲ့ Data Input အမည်တွေ ရှိပါတယ်။ Ẍ ဆိုတာကလည်း X ကို Inverter ခံပြီးတော့ လုပ်ဆောင်ထားတဲ့ အရာသာ ဖြစ်ပါတယ်။ D- Type Flip Flop တုန်းက ပုံစံလိုပဲ ယခု J-K Flip Flop မှာလည်း Output ကို Q Output တွေကနေ ထုတ်ပေးပါတယ်။ Output ကလည်း ၂ ခု ဖြစ်ပါတယ်။
၆။ ပထမ အဆင့်ရဲ့ Output ဟာ ဒုတိယ အဆင့်ရဲ့ Input ပဲဖြစ်ပါတယ်။ Stage A ရဲ့ Output ဟာ Stage B ရဲ့ Input ပဲဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Timing Signal ဖြစ်တဲ့ Clock Signal တွေကို Stage တိုင်းမှာ ရှိတဲ့ T ဆိုတဲ့ Pin ကနေ ပေးသွင်းခြင်းဖြစ်ပါတယ်။ အဆိုပါ Clock Signal ကို လည်း အဆင့်တိုင်းကို တပြိုင်နက်တည်း ပေးသွင်းပေးခြင်းပဲဖြစ်ပါတယ်။
၇။ပထမဦးဆုံး Clock Pulse တစ်ခု လက်ခံရရှိရင် Stage A က Data ဟာ Stage B ကို ရွေ့ပြောင်းသွားပါတယ်။ အဲသလိုပဲ Clock Pulse တစ်ခု ရရှိတဲ့ အချိန်တိုင်းမှာ Stage တစ်ခုကနေ နောက်တစ်ခုကို တဆင့်ချင်း တဆင့်ချင်း Data တွေ ပြောင်းလဲ ပေးသွားခြင်းအားဖြင့် Shift Register လုပ်ဆောင်ချက်ကို ဆောင်ရွက်သွားခြင်းပဲဖြစ်ပါတယ်။
၈။ D Type Flip Flop နဲ့ မတူညီတဲ့ အချက်ကတော့ Stage ၄ ခု ရှိတဲ့ နေရာမှာ နောက်ဆုံး Fourth Clock Pulse (လေးခုမြောက် Clock Pulse ) ရရှိပြီးမှသာလျင် နောက်ဆုံး Output ကို ရရှိစေခြင်းပဲဖြစ်ပါတယ်။ ဒုတိယ ပုံကလည်း J-K Flip Flop ကို အသုံးပြုထားသော Shift Left Register အမျိုးအစားဖြစ်ပါတယ်။ Data ဟာ ညာဘက်ကနေ ဘယ်ဘက်ကို သွားခြင်းဖြစ်ပါတယ်။
၉။ တတိယ ပုံကတော့ J-K Flip Flop ကို အသုံးပြုထားသော Shift Right Register အမျိုးအစားဖြစ်ပါတယ်။ Data ဟာ ဘယ်ဘက်ကနေ ညာဘက်ကို သွားခြင်းဖြစ်ပါတယ်။
Credit:
ကိုမျိုး (အီလက်ထရောနစ်)
Tuesday, May 23, 2017
Home »
» Digital Electronic (Registers and Flip Flop) အကြောင်း(အပိုင်း ၂)
0 comments:
Post a Comment